သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ (၂၃-၆-၂၀၂၅ ရက်)

(၂၃-၆-၂၀၂၅ ရက်၊ ရန်ကုန်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ မြန်မာသံတမန်သင်တန်းကျောင်း(Myanmar Diplomatic Academy) နှင့် Naypyitaw State Academy တို့ ပူးပေါင်းဖွင့်လှစ်သည့် သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy) (၁/၂၀၂၅) ၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၃−၆−၂၀၂၅ ရက် (တနင်္လာနေ့)၊ နံနက်(၁၀:၀၀)နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်ရှိ ဝန်ဇင်းမင်းရာဇာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော် တက်ရောက်၍ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာသင်တန်းအမှတ်စဉ်(၁/၂၀၂၅)ကို သင်တန်းကာလ (၄)လကြာမြင့်သော ပညာသင်နှစ်ဝက် (၂) ခု၊ စုစုပေါင်းသင်တန်းကာလ (၈)လဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ပြီး၊ သံတမန်ရေးရာများ၊ နိုင်ငံတကာဆက်ဆံရေးများ၊ နိုင်ငံခြားရေးမူဝါဒများ၊ နိုင်ငံတကာအဖွဲ့အစည်းဆိုင်ရာများ၊ အပြည်ပြည်ဆိုင်ရာဥပဒေများနှင့်၊ မျက်မှောက်ခေတ် နိုင်ငံတကာရေးရာ ဘာသာရပ်များကို ပို့ချသွားမည်ဖြစ်ပါသည်။

အဆိုပါသင်တန်း၏ ဖွင့်ပွဲအခမ်းအနားသို့ အငြိမ်းစားဒုတိယဝန်ကြီးများ၊ အငြိမ်းစား သံအမတ်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ Naypyitaw State Academy ပါမောက္ခချုပ်နှင့် တက္ကသိုလ်များမှ ပါမောက္ခ ဆရာကြီး/ဆရာမကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဝါရင့်သံတမန်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။

သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာသင်တန်းသို့ အစိုးရအဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများမှ အရာထမ်း/အမှုထမ်းများ၊ ပုဂ္ဂလိကကဏ္ဍမှ စိတ်ပါဝင်စားသူများ၊ သင်တန်းသား/သူများ၊ စုစုပေါင်း (၅၁)ဦး တက်ရောက်ကြမည်ဖြစ်ပြီး၊ သင်တန်းကာလအတွင်း ဘာသာရပ်ဆိုင်ရာ သင်ခန်းစာများ ပို့ချခြင်း၊ ဆန်းစစ်ဆွေးနွေးခြင်း၊ လက်တွေ့လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းများအပါအဝင် အဖွဲ့လိုက်စာတမ်းရေးသားတင်ပြခြင်းတို့ဖြင့် စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Myanmar Diplomatic Academy (MDA)

Contact Information

Strategic Studies and Training Department
Ministry of Foreign Affairs

Ministry of Foreign Affairs Nay Pyi Taw

067-412554

www.mdamofa.gov.mm