အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၄၇) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

နိုင်ငံခြားရေးဝန်ကြီးဌာန (ရန်ကုန်) မှ ဖွင့်လှစ်ခဲ့သည့် အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၄၇) ၏ သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၄ ရက် (သောကြာနေ့)၊ နံနက် ၁၀၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော် တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်။
အဆိုပါသင်တန်းဆင်းပွဲ အခမ်းအနားသို့ အငြိမ်းစားဒုတိယဝန်ကြီးများ၊ အငြိမ်းစားသံအမတ်ကြီးများ၊ ဝါရင့်သံတမန်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။
အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၄၇) ကို နိုင်ငံခြားရေးဝန်ကြီးဌာန (ရန်ကုန်) တွင် ၁၅-၆-၂၀၂၆ ရက်မှ ၄-၉-၂၀၂၆ ရက်အထိ ရက်သတ္တ (၁၂) ပတ်ကြာဖြင့် အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့များတွင် နံနက် ၀၇၀၀ နာရီမှ ၀၉၀၀ နာရီအထိ ဖွင့်လှစ်ပို့ချခဲ့ပြီး၊ အစိုးရအဖွဲ့အစည်း အသီးသီးနှင့် ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် ပြင်ပပုဂ္ဂလိကနယ်ပယ်များမှ နိုင်ငံတကာဆက်ဆံရေးနှင့် သံတမန်ရေးရာ ဘာသာရပ်များကို စိတ်ပါဝင်စားသူများ စုစုပေါင်း (၉၃) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။ သင်တန်းတွင် သံတမန်ရေးရာဘာသာရပ်များ၊ နိုင်ငံတကာရေးရာများ၊ နိုင်ငံတကာဆက်ဆံရေးဘာသာရပ် များ၊ နိုင်ငံတကာဥပဒေဘာသာရပ်များ၊ နိုင်ငံရေးဘောဂဗေဒနှင့် အထွေထွေဗဟုသုတဆိုင်ရာများ စသည့် ဘာသာရပ်များကို သင်ကြားပို့ချခဲ့ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
ရန်ကုန်
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၄ ရက်
Myanmar Diplomatic Academy (MDA)
Contact Information
Strategic Studies and Training Department
Ministry of Foreign Affairs
Ministry of Foreign Affairs Nay Pyi Taw
067-412554
www.mdamofa.gov.mm
