အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၄၇/၂၀၂၆) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဖွင့်လှစ်မည့် အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၄၇/၂၀၂၆)၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်(တနင်္လာနေ့)၊ နံနက်(၁၀၀၀)နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော် တက်ရောက်၍ သင်တန်း ဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ အငြိမ်းစား ဒုတိယဝန်ကြီးများ၊ အငြိမ်းစား သံအမတ်ကြီးများ၊ ဝါရင့်သံတမန်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၄၇/၂၀၂၆)ကို နိုင်ငံခြားရေး ဝန်ကြီးဌာန(ရန်ကုန်)တွင် ၁၅-၆-၂၀၂၆ ရက်မှ ၄-၉-၂၀၂၆ ရက်အထိ ရက်သတ္တ(၁၂)ပတ်ကြာ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့များတွင် နံနက် (၀၇၀၀) နာရီမှ (၀၉၀၀)နာရီအထိ ဖွင့်လှစ်ပို့ချ သွားမည်ဖြစ်ပြီး၊ အစိုးရအဖွဲ့အစည်းအသီးသီးနှင့် ဝန်ကြီးဌာနများမှဝန်ထမ်းများနှင့် ပြင်ပပုဂ္ဂလိက နယ်ပယ်များမှ နိုင်ငံတကာဆက်ဆံရေးနှင့် သံတမန်ရေးရာဘာသာရပ်များကို စိတ်ပါဝင်စား သူများ စုစုပေါင်း ( ၉၆ )ဦးခန့် တက်ရောက်ကြမည်ဖြစ်ပါသည်။ သင်တန်းတွင် သံတမန်ရေးရာ ဘာသာရပ်များ၊ နိုင်ငံတကာရေးရာများ၊ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်များ၊ နိုင်ငံတကာ ဥပဒေဘာသာရပ်များ၊ နိုင်ငံရေးဘောဂဗေဒနှင့် အထွေထွေဗဟုသုတဆိုင်ရာများ စသည့် ဘာသာရပ်များကို သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
ရန်ကုန်
၂၀၂၆ ခုနှစ် ဇွန်လ ၁၅ ရက်

Myanmar Diplomatic Academy (MDA)

Contact Information

Strategic Studies and Training Department
Ministry of Foreign Affairs

Ministry of Foreign Affairs Nay Pyi Taw

067-412554

www.mdamofa.gov.mm